လီယောင်းချောမှာ မွေးစားသားဖြစ်သူ လီမင်ဟို ချွေးမ ဟန်ယောင်းအယ်၊ မြေးသုံးယောက်ဖြစ်သူ ယွန်းဂျယ် ယောင်းဂျယ် ဆူဂျယ်တို့နှင့်အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေသူဖြစ်သည်။ ထို့ပြင် တစ်ဦးတည်းသောညီမဖြစ်သူ လီယောင်းဆွန်းမှာ သားသမီး မြေးမြစ်များနှင့် မိသားစု စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်ရှိနေကြခြင်းကို အားကျနှစ်ခြိုက်နေသူလည်းဖြစ်သည်။ လီယောင်းချော၏ မိတ်ဆွေသူငယ်ချင်းများကလည်း မြေးသုံးယောက်အား အိမ်ထောင်မကျသေးဘူးလား မြေးမချီချင်ဘူးလား မေးကြပြောကြလွန်းသဖြင့် နောက်ဆုံး သားချွေးမတို့နှင့် တိုင်ပင်ကာ ယွန်းဂျယ်တို့ ညီအစ်ကိုသုံးယောက်မှာ အရင်အိမ်ထောင်ကျသူကို ပေါက်ဈေးသိန်းတစ်သောင်းခန့်ရှိသည့် တိုက်ခန်းပေးမည်ဟု ကမ်းလှမ်းလိုက်တော့သည်။ မိဘတွေဖြစ်စေချင်သလို သားအကြီးဆုံးဖြစ်သူ လီယွန်းဂျယ်ရဲ့ အချစ်ရေး အိမ်ထောင်ရေးက အဆင်ပြေချောမွေ့နိုင်မှာလား။ တစ်ချိန်က ရည်းစားဖြစ်သူ ထားသွားခြင်းခံရပြီး ထပ်ချစ်ဖို့ဝန်လေးနေသူ ရှေ့နေလီယောင်းဂျယ်တစ်ယောက် မီရယ်အပေါ် ခံစားချက်တွေပြောင်းလဲလာမှာလား။ အငယ်ဆုံး လီဆူဂျယ်တစ်ယောက် လူကြီးမိဘတွေကို လိမ်လည်ပြီး ယူနာနဲ့အတူ တိုက်ခန်းကို ရယူသွားနိုင်မှာလားဆိုတာကို ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပါ။